International News

ရုရှားနိုင်ငံရှိ Khabarovsk ဒေသသည် ဗီယက်နမ်သို့ စွမ်းအင်ပစ္စည်းကိရိယာများ တင်ပို့ရန်စီစဉ်

Last Updated:

Khabarovsk ဒေသအာဏာပိုင်များသည် စွမ်းအင်ပစ္စည်းကိရိယာများတင်ပို့မှုကဏ္ဍတွင် ဗီယက်နမ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း Khabarovsk ဒေသအကြီးအကဲ Mr. Mikhail Degtyarev နှင့်အရှေ့ဖျားဒေသ Vladivostok ရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Mr. Nguyen Dang Hien တို့အလုပ်သဘောတွေ့ဆုံဆွေးနွေးပြီးနောက် Degtyarev မှ ၎င်း၏ Telegram တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Khabarovsk ဒေသသည် အာရှမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အလားအလာကောင်းတစ်ခုမှာ စွမ်းအင်စက်မှုထုတ်ကုန်များ တင်ပို့ရန်ဖြစ်ကြောင်း၊ ၎င်းတို့၏ “Dalenergomash” စက်ရုံသည် လေဖိအားပေးစက်များ၊ လေမှုတ်စက်များနှင့် အပိုပစ္စည်းကိရိယာများပို့ဆောင်ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း Degtyarev မှ ရေးသားဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် Khabarovsk ဒေသနှင့်ဗီယက်နမ်နိုင်ငံတို့၏ အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပို့ကုန် ၄၇ ရာခိုင်နှုန်းနှင့် သွင်းကုန် ၃၆ ရာခိုင်နှုန်းတိုးလာခဲ့ခြင်းဖြစ်ကြောင်း Khabarovsk ဒေသ၏အကြီးအကဲက ပြောကြားခဲ့သည်။

Khabarovsk ဒေသ၏အကြီးအကဲနှင့်ဗီယက်နမ်ကောင်စစ်ဝန်ချုပ်တို့တွေ့ဆုံစဉ်အတွင်း Khabarovsk ဒေသနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လေကြောင်းပျံသန်းမှုပြန်လည်စတင်နိုင်ရေး အလားအလာများကို ဆွေးနွေးခဲ့ကြောင်း၊ ဒေသ၏ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလာမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း Degtyarev က ပြောကြားခဲ့ပါသည်။

Source : https://tass.ru/ekonomika/18202777

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News